ကော်ဖီသောက်ပြီး စိတ်ဓာတ်ကျမှုတွေကို မောင်းထုတ်ပါ
အိပ်ရာနိုးတာနဲ့ ကော်ဖီလေး သောက်ရမှဆိုတဲ့ သူလေးတွေရှိလား? ဒါဆိုရင် သေချာတာက သင်က စိတ်ဓာတ်ကျခဲမယ်ဆိုတာပါ။ ကော်ဖီက စိတ်ခံစားမှုကို ကောင်းစေပြီး တက်ကြွလန်းဆန်းစေပါတယ်။
ကော်ဖီ ဆိုရာဝယ်
ကော်ဖီ ဆိုတာက ကော်ဖီစေ့ကို နေလှန်း အခြောက်ခံ အပူချိန် မျှတစွာနဲ့ သေချာလေး လှော်ထားပြီးမှ ကြိတ်ထားတာမျိုးပါ။ ကော်ဖီဆိုတဲ့နေရာမှာ အသင့်ဖျော် ကော်ဖီတွေကို မဆိုလိုပါဘူး။ ရေနွေးဆူဆူနဲ့ နှပ်ပြီးသောက်ရတဲ့ ကော်ဖီကို ဆိုလိုတာပါ။
အရသာက ခါးသက်သက်ရှိပေမယ့် အနံ့လေးက အတော်မွှေးပါတယ်။
ကော်ဖီမှာ ဘာတွေပါလဲ
အိပ်ချင်ပြေအောင်ဖြစ်ဖြစ် မသောက်ရမနေနိုင်အောင် သဘောကျလို့ ဖြစ်ဖြစ် သောက်ရတဲ့ ကော်ဖီမှာ အင်ဒီအောင့်ဆီးဒင့်၊ ကဖင်း၊ ဗီတာမင် B2၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေပါတယ်။
စိတ်ဓာတ်ကျသလိုလို ရှိလာရင် ကော်ဖီသောက်ပါ
ကော်ဖီက ကဖင်းပါဝင်နေတာကြောင့် စိတ်ကို တက်ကြွ လန်းဆန်းစေပြီး စိတ်ခံစားမှု ကောင်းပါတယ်။ ကော်ဖီသောက်ပြီးရင် စိတ်ထဲ အလိုလို ပျော်လာတာမျိုး ခေါင်းထဲကြည်လင်သွားတာမျိုး ခံစားဖူးမှာပါ။
ကဖင်းက အလွန်အကျွံ မဟုတ်တဲ့ အနေအထားမှာ စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးပြီး ကျနေတဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ရာသီဥတု အေးလို့ဖြစ်ဖြစ် ကိစ္စရပ် တစ်ခုခုကြောင့် ဖြစ်ဖြစ် စိတ်ဓာတ်ကျလာပြီဆိုရင် ကော်ဖီ သောက်လိုက်ပါ။
ကော်ဖီက စိတ်ဓာတ်ကျတာကိုတင် မောင်းထုတ်ပေးတာ မဟုတ်ပါဘူး။ အခုလိုလည်း ကျန်းမာရေးကို ထောက်ကူပေးပါသေးတယ်။
ကင်ဆာ ကာကွယ်ပေးတယ်
အင်ဒီအောင့်ဆီးဒင့် ပါဝင်နေမှုက ခန္ဓာကိုယ်မှာ ကင်ဆာရောဂါ မဖြစ်အောင်ကာကွယ်ပေးပါတယ်။
နာတာရှည်ရောဂါတွေ ကာကွယ်ပေးတယ်
ဖရီးရက်ဒီကယ်တွေကြောင့် နာတာရှည် ရောဂါတွေ မဖြစ်ချင်ဘူးဆိုရင် အင်ဒီအောင့်ဆီးဒင့် ပြည့်ဝတဲ့ ကော်ဖီ သောက်ပေးလို့ ရပါတယ်။
အမျိုးအစား (၂) ဆီးချို ကာကွယ်ပေးတယ်
ကော်ဖီစစ်စစ်ကို အချိုမထည့်ဘဲ သောက်သုံးခြင်းက ကိုယ်တိုင်ကို အမျိုးအစား (၂) ဆီးချိုကနေ ကာကွယ်တာပါပဲ။
နှလုံးကျန်းမာစေတယ်
ကော်ဖီက သွေးကြောတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှု ကင်းစေတာက နှလုံးကျန်းမာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနေတာပါ။
အာရုံကြောကျန်းမာစေတယ်
အာရုံကြောတွေကို ကျန်းမာစေချင်ရင်တော့ တစ်နေ့ကို ကော်ဖီစစ်စစ် တစ်ခွက်သောက်ပေးပါ။
စိတ်ကူးဉာဏ် ကောင်းစေတယ်
ကော်ဖီက ဦးနှောက်ကို လန်းဆန်းစေပြီး စိတ်ကူးဉာဏ်ကို ရင့်သန်စေဖို့ ထောက်ကူပေးပါတယ်။
သည်းခြေကျောက် မတည်အောင် ကာကွယ်ပေးတယ်
ကော်ဖီက သည်းခြေအိတ်ကို ကျန်းမာစေပြီး သည်ခြေပြွန်နဲ့ သည်းခြေအိတ်မှာ ကျောက်တည်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကော်ဖီက အခုလို ကောင်းကျိုးတွေ ရှိပေမယ့် ကဖင်းပါဝင်နေတာကြောင့် အလွန်အကျွံ မသောက်ဖို့ သတိပေးပါရစေ။
ရေးသားသူ - မွန်မွန်